ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုအတွက် အမျိုးသမီးများ၏ စီးပွားရေးစွမ်းဆောင်ရည် မြှင့်တင်မှု

စီးပွားရေးလုပ်ငန်းတွေမှာ အမျိုးသမီးတွေ ပါဝင်စေခြင်းက ရေရှည်တည် တံ့ပြီး ခိုင်မာတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေပါတယ်။ လုပ်ငန်း တစ်ခုမှာ လုပ်ငန်းရှင်၊ ဝန်ထမ်းနဲ့ စားသုံးသူအဖြစ် အမျိုးသမီးတွေ အညီ အမျှ ပါဝင်နိုင်ခြင်းက စီးပွားရေး၊ လူမှုဝန်းကျင်နဲ့ နိုင်ငံအတွက် ကောင်းမွန်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး နံယောကျေးရွာမှ ကျေးရွာဖွံ့ဖြိုးရေး လုပ်အားပေး ဆရာမ မဝေမာကတော့ သူ့ရပ်ရွာလူထုအတွက် အခန်းကဏ္ဍအမျိုးမျိုးမှာ ပါဝင် ဆောင်ရွက်လျက်ရှိပါတယ်။ အသက် ၃၈ နှစ်ရှိပြီ ဖြစ်တဲ့ ဆရာမဟာ အမျိုးသမီးအဖွဲ့ မုန့်လုပ်ငန်းရဲ့ ခေါင်းဆောင်ပါ၊ ဒေသဆိုင်ရာ တောင်သူများဖွံ့ဖြိးရေးအဖွဲ့ (RFDA) ရဲ့ စာရင်းကိုင်၊ နောက်ပြီးတော့ ကျေးရွာစာကြည့်တိုက်မှူးလည်း ဖြစ်ပါတယ်။

“လုပ်အားပေးတဲ့အတွက် ကျွန်မရဲ့ လူမှုရေး၊ ရပ်ရွာလူထုနဲ့ ပေါင်းသင်းဆက်ဆံမှု စွမ်းရည်တွေ တိုးတက်လာပါတယ်၊ ပြီးတော့ ငွေကြေး စီမံခန့်ခွဲ မှု ဗဟုသုတလည်း တိုးလာတယ်” လို့ ပြောပါတယ်။

အမျိုးသမီးများဦးဆောင်တဲ့ မုန့်လုပ်ငန်းကို DaNa Facility မှ UKaid ၏ ရန်ပုံငွေဖြင့် ICCO P4 စီမံကိန်းနဲ့ ပေါင်းစုလုပ်အား အကူအညီပေးရေး အဖွဲ့(NAG) တို့ပံ့ပိုးအကောင်အထည်ဖော်တာ ဖြစ်ပါတယ်။ အမျိုးသမီး အဖွဲ့တွေ ဖွဲ့စည်းခြင်းနဲ့ အမျိုးသမီးတွေ ဦးဆောင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို အားပေးကူညီခြင်းဖြင့် စီမံကိန်းက ရန်ကုန်တိုင်းဒေသကြီး ခရမ်းနဲ့ သုံးခွမြို့နယ်မှ အမျိုးသမီးတွေရဲ့ စီးပွားရေးစွမ်းဆောင်ရည်ကို မြှင့်တင်ပေးပါတယ်။

လစဉ် အဖွဲ့ဝင်တွေက အတိုးနှုန်းနိမ့် စုငွေနဲ့ ချေးငွေရန်ပုံငွေအတွက် ၂ဝဝဝ ကျပ်ကို အဖွဲ့ ဝင်ကြေး ပေးကြပါတယ်။ ရန်ပုံငွေဟာ အဓိက အကျိုးကျေးဇူး နှစ်ချက် ရှိပါတယ်- တစ်ချက်က ရွာတွင်း ငွေချေးသူတွေ ကောက်ခံတဲ့ ၁ဝ -၂ဝ% အတိုးနှုန်းနဲ့စာရင် အဖွဲ့ဝင်တွေအတွက် ၂%အတိုးနှုန်းက အလွန်နည်းပါတယ်။ နောက်တစ်ချက်က ရန်ပုံငွေဟာ အမျိုးသမီးများ ဦးဆောင်တဲ့ စီးပွားရေးလုပ်ငန်းများအတွက် ရေရှည်ငွေကြေးရင်းမြစ်ပါ။ အဖွဲ့ဝင်တွေအတွက် ငွေကြေးခိုင်မာမှုကို ပေးပါတယ်။

နံယောကျေးရွာက မုန့်လုပ်ငန်းဟာ ရွာပတ်ဝန်းကျင်က ဝယ်ယူသူများ အတွက် တစ်လလျှင် အော်ဂန်းနစ် Chiffon ကိတ် အများဆုံး ၁၁၅ လုံးအထိ ရောင်းချရပါတယ်။ ပိတ်ရက်တွေနဲ့ ပွဲရာသီတွေမှာ ကိတ်မုန့် ပိုရောင်းရပြီး အဖွဲ့ဝင်တွေကလည်း ပါဝင်ကူညီကြပါတယ်။

P4 စီမံကိန်းကပေးတဲ့ နှစ်ရက်တာ မုန့်လုပ်သင်တန်း တက်ရောက်ပြီးနောက်မှာ မဝေမာက အခြားအဖွဲ့ဝင်တွေကို သူသင်ယူခဲ့ရသမျှ ပြန်လည်မျှဝေခဲ့ပါတယ်။

“ခုဆိုရင် ရွာထဲက အမျိုးသမီးအားလုံးနီးပါး မုန့်လုပ်နိုင်ကြပြီ။ ကျွန်မ ကတော့ မုန့်လုပ်ငန်း အဆင့်တိုင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်ဖို့၊ သန့်ရှင်းဖို့ အဓိက အလေးထားပါတယ်” လို့ မဝေမာက ပြောပါတယ်။

ပုံမှန်အရွယ်ကိတ်မုန့်တွေကို ၂ဝဝဝ ကျပ်ကနေ စတင်ရောင်းချပါတယ်။ကျောင်းသားတွေ၊ ကလေးတွေအတွက် ၁၆ဝဝ ကျပ်နဲ့ ရောင်းချတဲ့ အရွယ်တွေလည်း ထုတ်ပါတယ်။ ကျေးရွာကျောင်းမှာ ကိတ်မုန့်က လူကြိုက်များတဲ့မုန့်တစ်ခုပါ။

မဝေမာအတွက်တော့ ကလေးတွေကို ကိတ်မုန့်ရောင်းတာ အကျိုးရှိပါ တယ်လို့ ဆိုပါတယ် “ကျောင်းဆရာမတစ်ယောက် အနေနဲ့ ကလေးတော်တော်များများဟာကျန်းမာရေးနဲ့ မညီညွတ်တဲ့ မုန့်တွေစားတာကို တွေ့ရတယ်၊ ခုဆို ကျွန်မတို့ရဲ့ ကိတ်မုန့်တွေစားလို့ သူတို့ပိုကျန်းမာတာပေါ့ – ကျွန်မတို့က လတ်ဆတ်တဲ့ပစ္စည်းတွေပဲ သုံးပြီး ကိတ်မုန့်တွေမှာ ဘာဓာတုပစ္စည်းမှ မပါဘူးလေ။”

နံယောကျေးရွာ အမျိုးသမီးများအဖွဲ့က ဆန်လက်လီရောင်းတဲ့ လုပ်ငန်း လည်း လုပ်ပါတယ်။ လုပ်ငန်းတွေကရတဲ့ အမြတ်တွေကို စုငွေ၊ ချေးငွေ ရန်ပုံငွေထဲကို ပြန်ထည့်ပြီး ရပ်ရွာလူထုထဲက အမျိုးသမီးများအတွက် ရေရှည် ငွေရင်းမြစ်ကို ဖြစ်လာစေပါတယ်။

အမျိုးသမီးများရဲ့ စီးပွားရေးစွမ်းဆောင်ရည် တိုးမြင့်လာဖို့က ငွေကြေး လက်လှမ်းမီဖို့အပြင် အခြားလိုအပ်ချက်များစွာ ရှိပါတယ်။ အမျိုးသမီး အဖွဲ့ကို ဖွဲ့စည်းခြင်းဖြင့် စိတ်တူ ကိုယ်တူ ရည်ရွယ်ချက်အတူတူဖြင့် ရပ်ရွာ အကျိုးဆောင်ရွက်နိုင်ပါတယ်။ အတွေ့အကြုံတွေ မျှဝေပြီး အပြန်အလှန် အကူအညီပေးနိုင်တဲ့ အဖွဲ့ဝင်တွေလည်း ဖြစ်ပါတယ်။